ဘယ်လောက်စားစား ပိန်နေတာ ကောင်းတဲ့အချက်ဟုတ်ရဲ့လား
တစ်လောကလုံးက လေရှူတိုင်း ကယ်လိုရီတက်နေတဲ့အချိန်မှာ ကိုယ်နဲ့ဆန့်ကျင်ဘက် လေရှူတိုင်း ကယ်လိုရီလောင်ကျွမ်းနေတဲ့ အုပ်စုက သီးသန့်ကိုရှိတာဗျ။
သူတို့ကို ကြည့်တော့ မစားလို့လားဆိုတော့လည်း မဟုတ်ဘူး၊ တခြားသူတွေလောက်နီးပါး ဒါမှမဟုတ် တခြားသူတွေထက်ကို ပိုစားကြတာ။ ဝိတ်ချိန်ပြီဆိုရင်တော့ ပေါင်ကျသွားရတာနဲ့၊ ပိန်လျက်အတိုင်းပဲ ခန္ဓာကိုယ်က ဘယ်တော့မှမပြောင်းသွားကြတဲ့သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ အနည်းဆုံး တစ်ယောက်လောက်တော့ ရှိမယ်ထင်ပါတယ်။
ကိုယ့်အတွက်တော့ စိတ်ထဲ အားကျလောက်စရာ ဒီလိုလူတွေရဲ့ ပိန်ရတဲ့အကြောင်းရင်းတွေကို ပြန်ကြည့်မယ်ဆိုရင်
၁။ Metabolism - ရှေ့မှာတုန်းက ပြောခဲ့သလိုပါပဲ၊ ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ Metabolism မြန်နေဖို့ လိုပါတယ်။ ဒါ့အပြင် Metabolism ဟာ ကိုယ်စားလိုက်တဲ့အစားအစာတွေကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အားအင်တွေ ထုတ်လုပ်ပေးတာဖြစ်လို့ ကယ်လိုရီပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။
၂။ Genetics - ကိုယ့်ရဲ့မိသားစု ကျန်းမာရေးရာဇဝင်အရ မျိုးရိုးလိုက်ပြီး ကယ်လိုရီပိုမိုလောင်ကျွမ်းတာ၊ ကျန်းမာရေးကောင်းတာ စတာတွေကြောင့်လည်း မဝတာမျိုးတွေ ရှိပါတယ်။
၃။ Ectomorphs - ယောက်ျားလေးတွေထဲမှာ ပိန်ပြီးကျစ်တဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်တဲ့ Ectomorphs ခန္ဓာကိုယ်ရှိသူတွေဟာ သဘာဝအရ Metabolism အရမ်းမြန်ပါတယ်။ ဒီအတွက်လည်း ကယ်လိုရီပိုမိုလောင်ကျွမ်းနိုင်ပြီး ကိုယ့်ခန္ဓာကိုယ်ကို မဝအောင် ထိန်းနိုင်သလို တစ်ချိန်တည်းမှာပဲ ကိုယ်အလေးချိန်၊ ကြွက်သားတက်ဖို့လည်း အရမ်းခက်ခဲပါတယ်။
၄။ အစားကို မျှတအောင်စားခြင်း - Nutrition လို့ခေါ်တဲ့ လူတစ်ယောက် တစ်နေ့တာလိုအပ်တဲ့ အာဟာရပေါင်းစုံကို အစားအစာတွေ မျှတအောင်စားခြင်းဖြင့် ရတဲ့အခါမှာ သူများတန်းတူ အစားများများစားနေရင်တောင် ခန္ဓာကိုယ်တစ်ခုလုံးကို ဒီအာဟာရဓာတ်တွေကို အသုံးပြုပေးတာဖြစ်လို့ အဆီပိုတွေ ကျန်တာရှားပါတယ်။
၅။ လေ့ကျင့်ခန်းလုပ်ခြင်း - ကိုယ်လက်လှုပ်ရှားမှုရှိတဲ့အခါ ခန္ဓာကိုယ်က အားအင်ပိုမိုကုန်ခမ်းတဲ့အတွက် ဒါကိုဖြည့်တင်းဖို့ စားလိုက်သမျှ အစားအစာတွေကို ချေဖျက်ပြီး စွမ်းအင်တွေ ပိုမိုထုတ်လုပ်ပေးရပါတယ်။ ဒီလိုလေ့ကျင့်ခန်းလုပ်သူတွေဟာ သာမန်အချိန်ကထက် ကယ်လိုရီလောင်ကျွမ်းနှုန်း ပိုမြင့်ပါတယ်။
ဘယ်လောက်စားစား မဝတဲ့သူတွေဟာ အပေါ်မှာပြောခဲ့တဲ့ သဘာဝအကြောင်းရင်းတွေအပြင်
- သိုင်းရွိုက်ဟော်မုန်း ပိုလျှံနေခြင်း (Hyperthyroidism)
- အမျိုးအစား (၁) ဆီးချိုရောဂါ
- ခရောင်းရောဂါ (Crohn’s Disease)
- အစာ စားသောက်ပုံစံ မမှန်ကန်ခြင်း
- ကီမိုကင်ဆာရောဂါ ကုထုံးဖြင့် ကုသမှုခံယူနေခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လောက်စားစား မဝဘူးဆိုတာ ဝိတ်များနေတဲ့သူတွေရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ကောင်းတာမျိုးမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ကယ်လိုရီတွေ၊ အဆီတွေ နည်းနေတဲ့အခါ ကိုယ်အလေးချိန်က နည်းသွားပြီး Underweight ဖြစ်လာနိုင်တယ်။ နောက်ဆက်တွဲအနေနဲ့
- ကိုယ်ခံအားကျလွယ်မယ်
- ရောဂါဖြစ်လွယ်မယ်
- အရိုးတွေ ထိခိုက်ကျိုးပဲ့လွယ်မယ်
- အလေးအပင်မတဲ့အခါ မနိုင်မနင်းဖြစ်မယ်
- အာဟာရချို့တဲ့မှု ဖြစ်နေနိုင်တယ်
- သွေးအားနည်းရောဂါ ဖြစ်နိုင်တယ်
- ဒါ့အပြင် အမျိုးသမီးတွေမှာ စောစီးစွာ သွေးဆုံးနိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒီအတွက် ကိုယ့်ရဲ့ခန္ဓာကိုယ်က အရပ်အမြင့်၊ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုမရှိဘူး၊ ပိန်ညှက်နေတယ်လို့ ခံစားရရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကျန်းမာရေးစစ်ဆေးမှုခံယူပါ။ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်ပြီး သင့်တင့်တဲ့၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုရောက်အောင် ထိန်းထားပါ။
ရဲမျိုးမြတ်